တောင်ကြီး မတ် ၃၀
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(တတိယနေ့)ကို ယနေ့ နံနက်(၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစီအစဉ်အရ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၉၉)ဦး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၃၃)ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၃၂)ဦးရှိသည့်အနက် (၁၃၂)ဦး တက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၁၀၀)ရာခိုင်နှုန်းရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌအဖြစ် ဟိုပုံးမြို့နယ် ကိုယ်စားလှယ် အမှတ် ၂၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒီဂေါလ်၊ အတွင်းရေးမှူး မိုင်းယန်းမြို့နယ် ကိုယ်စားလှယ်အမှတ် ၁၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှိုင်ခမ်းပါ အဖွဲ့ဝင်(၁၂)ဦး၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး လွှတ်တော်၏ အတည်ပြုချက်ကို ရယူခဲ့သည်။
၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌအဖြစ် မောက်မယ်မြို့နယ်ကိုယ်စားလှယ် အမှတ် ၁၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဟန်သိန်းဦး၊ အတွင်းရေးမှူး မိုးမိတ်မြို့နယ်ကိုယ်စားလှယ် အမှတ် ၂၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခမ်းကျော်ပါအဖွဲ့ဝင်(၁၅)ဦး၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး လွှတ်တော်၏အတည်ပြုချက်ကို ရယူခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် လားရှိုးမြို့နယ်ကိုယ်စားလှယ် အမှတ် ၂၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်ဆွေ၊ အတွင်းရေးမှူး မိုင်းတုံမြို့နယ်ကိုယ်စားလှယ် အမှတ် ၁၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောမူးလာပါ အဖွဲ့ဝင်(၆)ဦး၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ရယူခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင် ရာကော်မတီဥက္ကဋ္ဌအဖြစ် ရပ်စောက်မြို့နယ် ကိုယ်စားလှယ် အမှတ် ၁၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်၊ အတွင်းရေးမှူး မိုင်းတုံမြို့နယ် ကိုယ်စားလှယ်အမှတ် ၂၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထင်အောင်နိုင်ပါ အဖွဲ့ဝင်(၁၁)ဦး၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ရယူခဲ့သည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(တတိယနေ့) ရပ်နားကြောင်းနှင့် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ကျင်းပပြုလုပ်မည့်ရက်အား လွှတ်တော်ကိုယ်စားလှယ်များထံသို့ အချိန်မီအသိပေးအကြောင်းကြားသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ