ပုဗ္ဗသီရိမြို့နယ်၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

ပုဗ္ဗသီရိ မတ် ၃၀

သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဘေးအန္တရာယ် သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အဝါရောင် မျိုးဆက်သစ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(YGW) ၌ ကျင်းပသည်။

ဦးစွာ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က သဘာဝဘေးန္တရာယ်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်များ၊  ငလျင်မလှုပ်မီ ကြိုတင်ကာကွယ်ရန် နည်းလမ်းများကိုလည်းကောင်း၊ ခရိုင်ဦးစီးမှူး ဦးဇော်မိုးလွင်က ငလျင်၏ သဘောသဘာဝနှင့် ငလျင်ဘေးအန္တရာယ်၊ ငလျင်အဆင့်သတ်မှတ်ချက်များနှင့် မြန်မာနိုင်ငံတွင်ကြုံတွေ့ခဲ့ရသော ပြင်းအား ငလျင်များအကြောင်းကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးညီညီဝင်းက မီဘေးအန္တရာယ်အကြောင်းနှင့် မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြု စစ်ဆေးပုံအကြောင်းကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် အဝါရောင် မျိုးဆက်သစ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(YGW)မှ ဦးဆောင်ဆရာတော် အရှင်ပညာသိရီက ကျေးဇူးတင်ဩဝါဒစကားပြောကြားကာ ငလျင်ဘေးအန္တရာယ် သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်း၊ လူနာသယ်‌ဆောင်ခြင်း၊ ကယ်ထုတ်ခြင်းလုပ်ငန်းစဉ်နှင့် မီးငြှိမ်းသတ်ခြင်းများကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)