သံတောင်ကြီး မတ် ၃၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ ရှင်ဂျော့ဂျက်ဘုရားကျောင်းမှ ဓမ္မပညာဆရာမများကဦးဆောင်၍ ကလေးသူငယ်များ နွေရာသီအားလပ်ရက်များတွင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန် များတွင် အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်သည့် ကလေးသူငယ်များဖြစ်စေရန်အတွက် နွေရာသီဓမ္မပညာသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရှင်ဂျော့ဂျက်ဘုရားကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နွေရာသီ ဓမ္မပညာသင်တန်းတွင် စကောကရင်စာပေ၊ ဘွဲကရင်စာပေ၊ ဂီတ၊ ပြည်သူ့နီတိ၊ သမ္မာကျမ်းစာလေ့လာခြင်း၊ စွမ်းရည်ပြိုင်ပွဲများ၊ ဂိမ်းကစားပြိုင်ပွဲများကို ပြုလုပ်သင်ကြားပေးသွားမည်ဖြစ်သည်။ နွေရာသီဓမ္မပညာသင်တန်းတွင် ဆရာမ(၁၂)ဦးက သင်ကြားပေးသွားမည်ဖြစ်ပြီး မူလတန်းကျောင်းသူ၊ ကျောင်းသား (၁၆၀)ဦး တက်ရောက်ကာ သင်တန်းကာလမှာ မတ်လ(၃၀)ရက်နေ့ မှ ဧပြီလ (၅) ရက်နေ့အထိဖြစ်ကြောင်း သိရသည်။
နော်နော်မူ