တပ်ကုန်း မတ် ၃၀
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ သန့်ရှင်းသာယာလှပရေး၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဘုရားဖူးလည်ပတ်နိုင်ရေးအတွက် ဘုရားစေတီဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံခြင်းအခမ်းအနား ကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီဝင်နှင့် တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ တွေ့ဆုံပွဲစတင်ခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက မြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများအား ကြည်ညိုဖွယ်ဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန်လိုကြောင်း၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအနေဖြင့်လည်း ဘုရားရန်ပုံငွေများရှိခဲ့ပါက ဘဏ်တိုးများထုတ်ယူပြင်ဆင်သည့်စနစ်အပြင် ရန်ပုံငွေများထုတ်ယူ၍ ပျက်စီးမှုများ၊ သန့်ရှင်းသာယာလှပရေး ပြန်လည်ဆောင်ရွက်လိုကြောင်း၊ မိမိရပ်ရွာနယ်အတွင်းမှာ ရှေးကျသည့် ဘုရားစေတီပုထိုးများနှင့်သာသနိကအဆောက်အအုံများကို ဘုရားဖူးပြည်သူများ ပိုမိုသိရှိလာအောင် ဆောင်ရွက်ကြလိုကြောင်း၊ ဘုရားဂေါပကအဖွဲ့များဖွဲ့စည်းရာနှင့် ဘုရားစေတီပုထိုးနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ဆောင်ရွက်ရန်လိုကြောင်း၊ ယခုအခါတွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် သာသနိကအဆောက်အအုံများ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ရန်လိုကြောင်းနှင့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဖူးမျှော်ကြည်ညိုနိုင်စေရေး စီစဉ်ဆောင်ရွက်ထားရှိရန်လိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အတွင်းရှေးကျခဲ့သည့် မိုယ်းကောင်းဆုတောင်းပြည့်စေတီတော်၊ ပြိုင်အင်းဆုတောင်းပြည့်စေတီတော်၊ သားခိုတောင်ဆုတောင်ပြည့်စေတီတော်၊ ဦးခန္တီဆုတောင်ပြည့် စေတီတော်ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မန္တလေးမြေငလျင်လှုပ်ခတ်မှုကြောင့် ဘုရားစေတီပုထိုးနှင့် သာသနိကအဆောက်အအုံများ ပျက်စီးမှုအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ ပြုပြင်ရန်ကျန်ရှိနေသည့်အခြေအနေများ ရှင်းလင်းတင်ပြခဲ့ကြရာ နေပြည်တေ်ကောင်စီဝင်က တင်ပြမှုများနှင့်စပ်လျဉ်းသည့် လုပ်ငန်းပိုင်းများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး၊ တွေ့ဆုံပွဲအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာကျင်းပခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ မြို့နယ်အောင်ဆန်းခန်းမတွင် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုတော်မူကြသော ရဟန်း၊ သံဃာ၊ သာမဏေနှင့် သီလရှင်ဆရာ လေးများအား ဖူးမြော်ကြည်ညိုအားပေးခဲ့ပြီးနောက် ပါဠိပထမပြန်စာမေးပွဲကြီးကြပ် ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ ပါဠိပထမပြန်စာမေးပွဲတွင် ကျန်းမာရေးစောင့်ရှောက်ပေးမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
တင်စိုးလွင်