ဘားအံမြို့၌ အသက်မွေးဝမ်းကျောင်း ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဘားအံ မတ် ၂၉

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်း ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ဘားအံမြို့ လူငယ်စင်တာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အဆိုပါအခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ပိုမိုထိရောက်စွာဆောင်ရွက်ပေးနိုင်ရေးနှင့် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းထားပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကိုလည်း ရေးဆွဲထားရှိပြီး လူငယ်ရေးရာမူဝါဒတွင် ချမှတ်ထားသော အဓိကလူငယ် ကဏ္ဍ (၁၆)ရပ်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ထူးချွန်လူငယ်များအား အသက်မွေးဝမ်းကျောင်း ပညာသင်ထောက်ပံ့ကြေးပေးအပ်ချီးမြှင့်ခြင်းနှင့် အိန္ဒိယသမ္မတနိုင်ငံ၊ Madhya Pradesh တွင် ကျင်းပပြုလုပ်ခဲ့သည့် “ဘင်းမ်စတက် လူငယ်ယဉ်ကျေးမှုအမွေအနှစ်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ အစီအစဉ်- BIMSTEC Youth CulturalHeritage and Sustainability Immersion Programme” သို့ တက်ရောက်ခဲ့သည့် ကရင်ပြည်နယ်မှ လူငယ်ကိုယ်စားလှယ် ၂ ဦးအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)