တာချီလိတ်မြို့နယ်အတွင်း Fire Hotspots များဖြစ်ပေါ်ခဲ့သည့် ကျေးရွာအုပ်စုများသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

တာချီလိတ် မတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း Fire Hotspots မီးလောင်မှုများပြားခဲ့သည့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ကြိုးတံတားကျေးရွာသို့ ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန့်ပြည့်ဝေဇင်နှင့် ဦးရှိုင်းဟိန်းကျော်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့များက မတ်လ ၂၄ ရက်နေ့တွင် Fire Hotspot ဖြစ်ပေါ်ခဲ့သည့် တာချီလိတ်မြို့မှ (၂၁) မိုင်ခန့်အကွာ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ကြိုးတံတားကျေးရွာအနီးရှိ (20.3861 N 99.695 E, 20.3931 N , 99.6939 E, 20.3943 N, 99.6946 E) Hotspots point သုံးနေရာသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ကွင်းဆင်းအဖွဲ့တာဝန်ရှိသူများ၏ စစ်ဆေးတွေ့ရှိချက်အရ တောင်ယာမီးရှို့ရာမှ Fire Hotspot များ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး နောင်အလားတူ မီးရှို့ခြင်းများ မပြုလုပ်စေရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးအား အထူးကြပ်မတ်ဆောင်ရွက်သွားရန်မှာကြားကာ သက်ဆိုင်ရာဌာနများအလိုက် အသိပညာပေးဟောပြော၍ ဒေသခံပြည်သူ ၇၀ ဦးခန့်အား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)