ရန်ကုန် မတ် ၂၆
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၂) လုပ်ငန်းအကြို သင်တန်းအမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများ၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန်အတွက် အရည်အချင်းပြည့်ဝသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားအားထုတ်ကြရန်နှင့် နိုင်ငံတော်နှင့် ဌာနဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည့် အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များမရှိအောင်နေထိုင်ပြီး ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်သွားကြရန် စသည်တို့ကို ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၂) လုပ်ငန်းအကြို သင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းတွင် ဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်သည်။
ယင်းနောက် မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းဟောင်းများအသင်းမှ တာဝန်ရှိသူက စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၂) လုပ်ငန်းအကြို သင်တန်းအမှတ်စဉ်(၁/၂၀၂၆) သင်တန်းတွင် ဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ပြသထားသည့် သင်တန်းမှတ်တမ်းဓာတ်ပုံများ၊ နံရံကပ်ကဗျာများ၊ ကာတွန်းကဗျာ ဆောင်းပါးများ စသည်တို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။
အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၁၁၀)ဦးဖြင့် ရက်သတ္တပတ်(၈)ပတ်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)