တွံတေး မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတုရွှေဆံတော်စေတီတော်မြတ်ကြီး (၂၅၉၅) အကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တန်ခူးလပြည့်နေ့တွင် ရွှေဆံတော်စေတီတော်မြတ်ရင်ပြင်၌ စေတီတော်ကြီးအား အနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပသွားမည်ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော် တန်ခူးလပြည့်နေ့ နံနက် ၆ နာရီအချိန်တွင် ရွှေဆံတော်စေတီ သြဝါဒစရိယဆရာတော်ကြီးများ၏ စီစဥ်ကြီးကြပ်မှုဖြင့် ရွှေဆံတော်စေတီ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ လပြည့်နေ့နံနက် ၆ နာရီအချိန်တွင် သံဃာတော်အရှင်သူမြတ် (၂၇) ပါးတို့က စေတီတော်မြတ်ကြီးအား ဘုရားအနေကဇာတင်မှာဖြစ်ပြီး ဌာနဆိုင်ရာများနှင့် အလှူရှင်အပေါင်းတို့က သံဃာတော်အရှင်သူမြတ် (၂၇) ပါးအား အာရုံဆွမ်းကပ်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများကို ဆောင်ရွက်မည်ဖြစ်ပြီး နံနက် (၇) နာရီခွဲအချိန်တွင် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများအား အလှူရှင်များက လောင်းလှူပူဇော်ကြမည်ဖြစ်ကြောင်း
သိရသည်။
ထို့နောက် ပဌာန်း၊ အာရုံဆွမ်း၊ စတုဒီသာများကို တွံတေးမြို့နယ် အိုးဖိုအနောက်ရပ်ကွက်နေ အလှူရှင် ဦးအုန်းသိန်း+ဒေါ်ခင်လှမိသားစုတို့မှ ဘုရားဖူးလာပြည်သူအပေါင်းအား အာဟာရဒါန ဒံပေါက်များဖြင့် စတုဒီသာဧည့်ခံကျွေးမွေးမည်ဖြစ်ကြောင်း သိရသည်။ ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဘုရားဖူးပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ဘုရားပွဲတော်ရက်များတွင် နေ့၊ ည ဖွင့်လှစ်ထားမည်ဖြစ်ရာ၊ ယခုအခါ ရွှေဆံတော်စေတီတော်မြတ်ကြီးကို အများပြည်သူများစိတ်အေးချမ်းသာစွာဘုရားဖူးနိုင်ရန် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ တန်ခူးလပြည့်ဗုဒ္ဓပူဇနိယပွဲတော်ကို မတ်လ(၂၈) ရက်နေ့မှ ဧပြီလ (၅) ရက်အထိ (၉) ရက်တိုင်တိုင် ဗုဒ္ဓပူဇနိယပွဲတော် ကိုကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဘုရားပွဲတော်ကာလအတွင်း စေတီတော်မြတ်ကြီးအား အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်စေရန် ဘုရားဖူးချိန်အား ပုံမှန်အတိုင်းဆက်လက်ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး လာရောက်ဖူးမြော်နိုင်ပါကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တွံတေးသား