သဲကုန်း မတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ -၂၀၂၆ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်၊ ဒေသအတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ ယခုနှစ်တွင် နွေစပါးစိုက်ဧက (၁၇၅၇၀)ဧက စိုက်ပျိုးသွားရန်လျာထားပြီး ယနေ့အထိ နွေစပါး(၁၀၆၅၄)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်သည်။
သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် စပါးစိုက်ဧကများအား ပျိုးထောင်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စနစ်တကျစိုက်ပျိုးနည်းများဖြင့်လည်းကောင်း၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေရရှိရေးအတွက် ဆောင်ရွက်ရာတွင် တမံပိတ်စနစ်၊ ဆည်ရေသောက်စနစ်၊ ဆိုလာရေတင်စနစ်၊ ချောင်းပိတ်စနစ်နှင့် စပါးစိုက်ဧကများတွင် ငါးမွေးမြူရေးစနစ်များဖြင့် စိုက်ပျိုးလျက်ရှိပြီး၊ ဒေသခံတောင်သူများအနေဖြင့် ရတနာတိုး၊ ဗီယက်နမ်၊ ရက်-၉၀၊ YSR(1) ၊ မနောသုခ၊ ထိုင်းနှံကောက်၊ ရေဆင်းပေါ်ဆန်းစပါးမျိုးများအား အများဆုံးစိုက်ပျိုးထားရှိရာ ယနေ့အထိ စိုက်ဧကပေါင်း (၁၀၆၅၄)ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
သဲကုန်းမြို့နယ် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် နွေစပါးပန်းတိုင်အထွက်နှုန်း တိုးတက်မြင့်မားစေရန် တောင်သူများအား စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီပေးခြင်း၊ မြေဩဇာများကို တောင်သူများလက်ဝယ်သို့ ဖြန့်ဖြူးပေးခြင်းနှင့် လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကိုကျော် (သဲကုန်း)