တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြိတ်မြို့ မြို့မအားကစားကွင်းတွင် ဘောလုံးကွင်းအသစ် မြေနေရာတိုးချဲ့ ရွှေ့ပြောင်းဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး

မြိတ်  မတ် ၂၆

တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မတ် ၂၆ နံနက် ၁၁ နာရီက မြိတ်မြို့ မြို့မအားကစားကွင်းတွင် ဘောလုံးကွင်းအသစ် မြေနေရာတိုးချဲ့ ရွှေ့ပြောင်းရန်အတွက် မြေနေရာရှင်းလင်းခြင်း၊ ဘောလုံးကွင်း တည်ဆောက်ခြင်းနှင့် အားကစားကွင်းခြံစည်းရိုး ကာရံခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရာတွင် ရှေးဦးစွာတည်ဆောက်ရေး ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး အောင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများသည် လုပ်ငန်းခွင်အတွင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြိတ်မြို့ မြို့မအားကစားကွင်းတွင် ဘောလုံးကွင်းအသစ်ကို မြေဧက(၁၀.၀၆၈)ဧကအဖြစ် မြေနေ ရာတိုးချဲ့ ရွှေ့ပြောင်းရန်အတွက် မြေနေရာရှင်းလင်းခြင်း၊ ဘောလုံးကွင်းကွင်းအကြမ်း ဖောက်လုပ်ခြင်းနှင့် အားကစားကွင်း ခြံစည်းရိုး အုတ်တံတိုင်းကာရံခြင်း လုပ်ငန်းများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ်(၁၈၈၈.၀၂၄) သန်းဖြင့် ကျော်နေစိုးကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဘောလုံးကွင်းအသစ်ဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအနေဖြင့် ဘောလုံးကွင်းအကြမ်း ဖောက်လုပ်ခြင်းလုပ်ငန်းအနေဖြင့် ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ ငါးရိုးရေစိမ့်မြောင်းပြုလုပ်ခြင်းနှင့် အပြင်ရေထုတ်မြောင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး အုတ်စီတိုင်ထောင်ခြင်း(၂၆၅၀)ပေနှင့်  အုတ်တံတိုင်းကာရံခြင်း(၂၁၀၀)ပေ ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

 ခိုင်ထူး (ပြန်/ဆက်)