မြောက်ဥက္ကလာပမြို့နယ်၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုလျက်ရှိရာ တာ၀န်ရှိသူများက လှည့်လည်ကြည့်ရှုအားပေး

မြောက်ဥက္ကလာပ မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲများကို ဆုတောင်းပြည့်မယ်လမုသုံးထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့မွန်းလွဲ ၁၂ နာရီအချိန်က ဘာသာရပ်အလိုက် ဖြေဆိုလျက်ရှိကြရာ ထေကြီးဝါကြီးဆရာတော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမိုးသူ ၊ မြို့နယ်သာသနာရေးမှူးနှင့် တာ၀န်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုရန် သံဃာ ၂၅၃ ပါး ၊ သီလရှင် ၃၀ ပါး စုစုပေါင်း ၂၈၃ ပါး စာရင်းပေးသွင်းထားရာ မတ် ၂၄ ရက်နေ့က ပါရာဇိကကဏ္ဍပါဠိအဌကထာကျမ်းရင်း (၂) အား သံဃာ ၂၀၆ ပါး ၊ သီလရှင် ၂၈ ပါး စုစုပေါင်း ၂၃၄ ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၄၉ ပါး ပျက်ကွက်ခဲ့ကြောင်း သိရကြသည်။

အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲအား အဆင်ပြေချောမွေ့စွာ‌ ဖြေဆိုနိုင်စေရေးအတွက် ထေကြီးဝါကြီးဆရာတော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)