ကျောက်ပန်းတောင်း မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဗီတာမင်-အေအားဆေးနှင့်သန်ချဆေး တိုက်ကျွေးခြင်းများကို မတ် ၂၄ ရက်နေ့ နံနက် ၉ နာရီက စံပြရပ်ကွက်၊ ဆွမ်းလောင်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ထူးမြတ်မှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်း ဆရာမများက အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေအားဆေး တိုက်ကျွေးခြင်းနှင့် အသက် ၂ နှစ်မှ ၅ နှစ်အထိ ကလေးငယ်များအား သန်ချဆေးတိုက်ကျွေးခြင်းများကို ရပ်ကွက်အလိုက်လှည့်လည်၍ အခမဲ့ ဆောင်ရွက်ပေးလျက်ရှိရာ၊ ယနေ့ နံနက်ပိုင်းတွင် စံပြရပ်ကွက်၌ ဆောင်ရွက်ပေးခဲ့ပြီး မွန်းလွဲပိုင်းတွင် ဘူတာရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
အဆိုပါ ကာကွယ်ဆေး အခမဲ့ တိုက်ကျွေးခြင်းများကို ရပ်ကွက်/ကျေးရွာအလိုက် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး/ဆယ်အိမ်မှူးများက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးကြပြီး ပုံမှန်ကာကွယ်ဆေး ထိုးနှံရမည့် ကလေးငယ်များ ကျန်ရှိမှုမရှိစေရန် လှည့်လည်ဆော်ဩခြင်းများ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)