ကျေးသီး မတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “သတင်းစကား” အထိမ်းအမှတ်လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက ကျေးသီးမြို့နယ် (၁၃၁) ခြေလျင်တပ်ရင်းမှ ရဲဘော်များ၊ မြို့မဈေးနှင့် လမ်းသွားလမ်းလာပြည်သူများထံ အခမဲ့ဖြန့်ဝေခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် မျိုးဆက်သစ်လူငယ်မောင်မယ်များ ဗဟုသုတတိုးပွားစေရန်အတွက် (၈၁) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏သမိုင်းကြောင်းတစ်လျှောက် ပြောင်းလဲဖွဲ့စည်းခဲ့သည့် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)၊ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ၊ (BNA)၊ ဗမာ့မျိုးချစ်တပ်မတော်နှင့် မျိုးချစ်ဗမာ့တပ်မတော် (PBF) စသည့်အကြောင်းအရာများကို ဖော်ပြထားသည်။
ထို့အပြင် တပ်မတော်၏ စွမ်းရည် (၃) ရပ်ဖြစ်သည့် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းလုံးရေးစွမ်းရည်များအကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်၏ (၂၇.၃.၂၀၂၅) ရက်နေ့နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များနှင့် စာဆိုဇော်မင်းမင်းဦး ရေးသားသည့် အားသစ်စေကြောင်း ပြည့်သားကောင်းကဗျာတို့ကိုလည်း ထည့်သွင်းဖော်ပြထားသည်။
ထို့သို့လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းဖြင့် ပြည်သူများအနေဖြင့် တပ်မတော်၏သမိုင်းကြောင်းနှင့် နိုင်ငံ့တာဝန်ထမ်းဆောင်မှုများကို ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)