ကျောက်ဆည် မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက် အချိန်ကို အကျိုးရှိစေရေး ကျောင်းသား၊ ကျောင်းသူများ အရေးစွမ်းရည် မြင့်မားပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာစီစာကုံးရေးသားနည်းသင်တန်းကို မတ်လ ၂၃ ရက်နေ့ နံနက်(၉)နာရီက အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူလူငယ်များ အရေးစွမ်းရည်မြင့်မားရေး၊တွေးခေါ်မှုစွမ်းရည်မြင့်မားရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာအသုံး ချတတ်စေရန်နှင့် ကောင်းမွန်ပြည့်စုံသည့် စာစီစာကုံးတစ်ပုဒ် ရေးသားတတ်ရန် စာစီစာကုံးရေးသားနည်းသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်ဦးမန်းခင် (ကျောက်ဆည်)က စာစီစာကုံးရေးသားရာ၌ သရုပ် ဖော်ရေးသားခြင်း၊ အကြောင်းအကျိုးဖော်ပြ ရေးသားခြင်း၊ အတွေးအခေါ်ဖြင့်ရေးသားဖော်ပြခြင်းစသည့် စာစီစာကုံးရေးသား နည်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာစီစာကုံးရေးသားနည်းများ သင်ကြားပေးခဲ့ကြောင်း သိရသည်။
စာစီစာကုံးရေးသားနည်းသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၃၆)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်လ(၂၃)ရက်နေ့မှ(၂၅)ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူများအား စာရေးကိရိယာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထက်ထက်(ကျောက်ဆည်)