လားရှိုးမြို့တွင် ကျေးရွာများမှ ပြည်သူများ သန့်ရှင်းသောရေများ ဖူလုံစွာရရှိပြီး ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ 6.5 KVA မီးစက် လေးလုံး ပေးအပ်လှူဒါန်း

လားရှိုး မတ် ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လားရှိုးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများရှိ ပြည်သူများ သန့်ရှင်းသောရေများ ဖူလုံစွာရရှိပြီး ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လားရှိုးမြို့နယ်အတွင်းရှိ ဟက်ကာကျေးရွာနှင့် မန်နား (ရှမ်း) ကျေးရွာများသို့ နယ်စည်းမထားဆရာဝန်များအဖွဲ့မှ   6.5 KVA မီးစက်လေးလုံး ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို မတ်လ ၂၀ ရက်က ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်က အမှာစကားပြောကြားပြီး နယ်စည်းမထားဆရာဝန်များအဖွဲ့မှ တာဝန်ရှိသူများက ဟက်ကာကျေးရွာရှိ အိမ်ခြေ ၁၅၅ အိမ်၊ အိမ်ထောင်စု ၁၅၅ စု၊ လူဦးရေ ၉၈၀ ဦးနှင့် မန်နား (ရှမ်း) ကျေးရွာရှိ အိမ်ခြေ ၉၅ အိမ်၊ အိမ်ထောင်စု ၉၅ စု၊ လူဦးရေ ၅၀၂ ဦးတို့အတွက် 6.5 KVA မီးစက် လေးလုံး ပေးအပ်လှူဒါန်းရာ အဆိုပါ ကျေးရွာများမှ ကိုယ်စားလှယ်များက လက်ခံရယူခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးယိုင်ဆိုင်၊ လားရှိုးခရိုင်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်၊ နယ်စည်းမထားဆရာဝန်များအဖွဲ့မှ တာဝန်ရှိသူများ၊ ဟက်ကာကျေးရွာနှင့် မန်နား (ရှမ်း) ကျေးရွာတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)