(၈၁)နှစ်မြောက် တပ်မတော်နေ့ ကြိုဆိုဂုဏ်ပြု တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက် ဂနိုင်ကန်လမ်း(ကတ္တရာလမ်း+ကွန်ကရစ်လမ်း)နှင့် ဂနိုင်ကန်သာယာ ကန်ပတ်လမ်းဖွင့်

တောင်ကြီး     မတ်  ၂၁

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်ကျော်နိုင်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ မတ်(၂၀)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်လမ်း (ကတ္တရာလမ်း+ကွန်ကရစ်လမ်း)နှင့် ဂနိုင်ကန်သာယာကန်ပတ်လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က တောင်ကြီးမြို့ကျောင်းကြီးစုရပ်ကွက်၊ ဂနိုင်ကန်လမ်းသည် လမ်းအရှည်(၁၂၁၀)ပေရှိသည့် ကတ္တရာလမ်းတစ်လမ်းဖြစ်ပြီး ဗိုလ်ချုပ်လမ်းနှင့်အနောက်မြို့ပတ်လမ်းကို ဆက်သွယ်ပေးထားပြီး အများပြည်သူ၊ ကျောင်းသား၊ ကျောင်းသူများအသုံးပြုမှု အများဆုံးလမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ဂနိုင်ကန်လမ်းကိုဒေသခံတိုင်းရင်းသားပြည်သူများ၏ ပညာရေးကဏ္ဍများတွင် လွယ်လင့်တကူသွားလာ သင်ကြားလေ့လာနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ လွယ်လင့်တကူရရှိနိုင်ရေး၊ ကုန်စည်စီးဆင်းမှုများလွယ်ကူစေရေး၊ စျေးနှုန်းသက်သာစွာကူးလူးရောင်းဝယ် ဖောက်ကား နိုင်ရေးနှင့် ယာဥ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေးအတွက် ဗိုလ်ချုပ်လမ်းမှ ဂနိုင်ကန်သာယာအမှတ်(၁)ဝင်ပေါက်ထိအပိုင်းကို ကတ္တရာလမ်းအရှည်(၆၈၀´) အကျယ် (၄၄´/၄၀´/၃၀´) ရှိသည့် ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် လမ်းဘေးဝဲ၊ ယာရေမြောင်း၊ ပလက်ဖောင်းများပြုလုပ်ခြင်းလုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေ (၂၅၃.၄၈၁) သန်းဖြင့် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ဂနိုင်ကန်သာယာ အမှတ် (၁) ဝင်ပေါက်မှ အနောက်မြို့ပတ်လမ်းပိုင်းကို ဂနိုင်ကန်၏ Sillway ပေါ်မှ တည်ဆောက်ထားသည့်လမ်းဖြစ်သည့်အတွက် ကွန်ကရစ်လမ်းအရှည် ပေ ၅၃၀ အကျယ် ပေ ၄၀ပေ ၃၀နှင့် လမ်းဘေးဝဲ၊ယာရေမြောင်း၊ ပလက်ဖောင်းများပြုလုပ်ခြင်း၊ ပန်းအလှများပြုလုပ်ခြင်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ထောက်ပံ့ငွေ ၅၉၁ ဒသမ ၂၀၈ သန်းဖြင့် MPPC ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် လုပ်ငန်းများအားလုံး   ဆောင်ရွက်ပြီးစီးခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂနိုင်ကန်လမ်းနှင့်ဆက်စပ်လုပ်ငန်းများအတွက် စုစုပေါင်းငွေကျပ် ၈၄၄ ဒသမ ၆၈၉ သန်း ထောက်ပံ့ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားသည်။

ထို့နောက် ကျောင်းကြီးစုရပ်ကွက် ဂနိုင်ကန်လမ်းနှင့် ဂနိုင်ကန်သာယာကန်ပတ်လမ်းအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်စီးပွားရေးဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်တို့က ကတ္တရာလမ်းအား ကြည့်ရှုစစ်ဆေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ဂနိုင်ကန်သာယာအား သွားရောက်ကြည့်ရှုကြရာ Ecocare Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ဂနိုင်ကန်အတွင်း ပန်းအလှစိုက်ပျိုးထားရှိမှုနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနနှင့် Ecocare Co.,Ltd တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့နှင့် တိုးနယားအကအဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ဂနိုင်ကန်အား လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)