လွိုင်လင် မတ် ၂၁
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၌ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံသစ်ဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက အဆိုပါဆေးရုံသစ်ရှေ့တွင် ကျင်းပပါသည်။
ဦးစွာ ဆေးရုံသစ်အား ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှုး ဗိုလ်မှုးချုပ် အောင်ကိုဝင်းနှင့် တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးနှင့်တာဝန်ရှိသူများမှ ဘင်ခရာအဖွဲ့၊ ပန်းဖွားအကအဖွဲ့နှင့် ကိန္နရီ၊ ကိန္နရာအကအဖွဲ့များအား ဂုဏ်ပြုဆုများချီးမြှင့်ပေးပြီးနောက် ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးပြီး ကမ္မည်းမော်ကွန်း အားအမွေးနံ့သာရည်နှင့် ပက်ဖြန်းပေးခဲ့ကြသည်။ ယင်းနောက် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာပြည်နယ် လူမှုရေးရာဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွန်ကြားရေးမှုးချုပ် ဒေါက်တာစုစုဒွေးမှ ဆေးရုံသစ်ဖွင့်လှစ်ပေးရခြင်းတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ဆေးရုံသစ်ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များကို တာဝန်ရှိသူများက ပြည်နယ်ဝန်ကြီးနှင့် အကြီးအကဲများထံ နေရာအရောက်ပေးအပ်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီး၊ ဒုတိယတိုင်းမှူးနှင့်ဧည့်သည်များက ဆေးရုံသစ်အား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အယ်မင်း (လွိုင်လင်)