မြစ်သား မတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ရေရရှိရေးနည်းလမ်းများအလိုက် နွေသီးနှံ မျိုးစုံစိုက်ပျိုးလျှက်ရှိရာ ဒေသတွင်းဝမ်းစာဖူလုံရေး အတွက် နွေစပါးမျိုးကွဲများဖြစ်သည့် မနောသုခ၊ GW-11၊ ရွှေမနော်၊ ထိုင်းနှံကောက်၊ အောင်နိုင်တိုးစသည့် စပါးမျိုးများကို ဧက ၂၀၁၁၀ လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
၂၀၂၅-၂၀၂၆ခုနှစ် ယခုနှစ်နွေစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းတောင်သူများကို အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များမှန်ကန်စေရေး၊ နွေစပါးစိုက်ခင်းများဖြစ်ထွန်းအောင်မြင်စေရေး၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး၊ အရည်အသွေးကောင်းသီးနှံများထွက်ရှိရေးအတွက် စိုက်ခင်းများအတွင်း ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်းသိ ရသည်။
မြစ်သားမြို့နယ်၌ နွေစပါးစိုက်ပျိုးမည့်ရှေတန်းစခန်းများဖြစ်သည့် မြို့မ၊ သီလင်၊ ရွာခိုင်ကြီး၊ ကူမဲ၊ မိုင်းမော၊ ဒါးရယ်ကောင်း၊ ရစ်ကန်ရှေ့တန်းစခန်းများတွင် စိုက်ပျိုးမည့်မျိုးကွဲများအလိုက် နွေစပါးများအထွက်နှုန်းများတိုးတက်စေဖို့နှင့် အရည်အသွေးကောင်းမွန်စေဖို့အတွက် ဒေသနှင့်ကိုက်ညီသောမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေးနှင့် နွေစပါးစိုက်ပျိုးသည့် တောင်သူများအတွက် လိုအပ်သည့်စိုက်ပျိုးရေးသွင်းအားစုများထည့်သွင်းခြင်းဖြင့် အထွက်နှုန်းကောင်းမွန်မည်ဖြစ်ကြောင်း နွေစပါးစိုက်ပျိုးသည့်တောင်သူထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)