ကျိုင်းတုံ မတ် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သည့် ဂုံရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို ယနေ့တွင် ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဝပ်အင်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကျိုင်းတုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။
အဆိုပါသင်တန်းသို့ ကျိုင်းတုံမြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသား သင်တန်းသား၊ သင်တန်းသူ ၈၀ ဦး တက်ရောက်ပြီး သင်တန်းကာလသုံးလကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)