လှိုင်းဘွဲ မတ် ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့တွင် မီးခိုးမြူငွေ့ဖြစ်ပွားမှုလျော့ချနိုင်ရေး၊ တောမီးနှင့် အခြားမီးများကြောင့် မီးလောင်ကျွမ်းမှုဖြစ်စဥ်များ လျော့နည်းကျဆင်း ပပျောက်စေရေးအတွက် ဘားအံခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဘားအံခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ကျင်းပသည်။
အသိပညာပေး ဟောပြောပွဲတွင် ဘားအံခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက မီးခိုးမြူငွေ့များ၏ ဆိုးကျိုးအန္တရာယ်များနှင့် မီးခိုးမြူငွေ့ အန္တရာယ်လျော့ချရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ရှင်းပြခဲ့ပြီးနောက် ဘားအံခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သက်မွန်က စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသော တောင်သူများအနေဖြင့် တောင်ယာမီးရှို့ခြင်း၊ ရိတ်သိမ်းပြီးသီးနှံများ၏ ရိုးပြတ်များကို မီးရှို့ခြင်း မပြုလုပ်စေရေး၊ ဓာတ်မြေသြဇာများအစား သဘာဝမြေသြဇာများကို ပိုမိုအသုံးပြုကြစေရေး အကြောင်းများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ လှိုင်းဘွဲမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသီဟမြင့်ဆွေက မီးခိုးငွေ့များ၏ ဆိုးကျိုးအန္တရာယ်၊ မီးပေါ့ဆမှု မဖြစ်ပွားစေရေးနှင့် မီးသတ်ဆေးဘူးများကို စနစ်တကျ သုံးစွဲနိုင်စေရေး အကြောင်းများကို အသိပညာပေး ဟောပြောပေးခဲ့ကြပြီးနောက် တက်ရောက်လာကြသူများအား မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)