မြင်းခြံမြို့ အမှတ် ၁၃ ရပ်ကွက်၌ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

မြင်းခြံ မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ် ၁၃ ရပ်ကွက်၌ ယနေ့နံနက် ၃ နာရီခွဲက မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြင်းခြံမြို့ အမှတ် ၁၃ ရပ်ကွက်ရှိ ဒေါ်နှင်းဦးဆွေ ပိုင်ဆိုင်သော (၂၄ ပေ× ၂၄ ပေ) သွပ်မိုးထရံကာ ပျဉ်ခင်းနှစ်ထပ်လူနေအိမ်ရှိ ရေခဲသေတ္တာနှင့် ချိတ်ဆက်အသုံးပြုသော မီးအားမြှင့်စက် အပူလွန်ကဲရာမှ အနီးရှိ ထရံသို့ ကူးစက်လောင်ကျွမ်းခဲ့သည်။ အဆိုပါ မီးကူးစက်လောင်ကျွမ်းမှုကြောင့် လူနေအိမ်ခြောက်လုံးနှင့် လူနေအိမ် အပေါ်ထပ်တစ်ထပ် မီးလောင်ဆုံးရှုံးခဲ့ရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။ အဆိုပါ မီးလောင်မှုကြောင့် မြင်းခြံမြို့ အမှတ် ၁၃ ရပ်ကွက်ရှိ ဒေါ်နှင်းဦးဆွေအား မြင်းခြံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)