မြောက်ဥက္ကလာပမြို့၌ အဆင့်မြင့်ပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်ပို့ချလျက်ရှိ

မြောက်ဥက္ကလာပ မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အဆင့်မြင့်ပန်းချီ‌ရေးဆွဲနည်းသင်တန်းကို မတ် ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန Community centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မြမြ၀င်းက အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အဆင့်မြင့်ပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်း၀င်းဇော်က အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြပန်းချီဆရာကြီး ဦးတင်မောင်လတ်က အဆင့်မြင့်ပန်းချီရေးဆွဲနည်းသင်တန်းတွင် ပို့ချမည့် ဘာသာရပ်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါနွေရာသီအခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းကို အခြေခံပညာကျောင်းများမှ ပန်းချီဝါသနာပါသူ ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးခန့် တက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ် ၁၆ ရက်နေ့မှ ၂၆ ရက်နေ့ထိ ၁၀ ရက်ကြာ ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)