ဟားခါး မတ် ၁၈
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ် ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဆက်လက်ကျင်းပလျက်ရှိရာ ချင်းပြည်နယ်အတွင်းရှိစာစစ်ဌာန (၂) ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒဘာသာ ရပ်၊ ဘောဂဗေဒဘာသာရပ်နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်တို့ကို ကျောင်းသား ၊ ကျောင်း သူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုကြသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဟားခါးမြို့နှင့် တီးတိန်မြို့များတွင် စာစစ်ဌာန (၁) ခု စီဖြင့် စာစစ်ဌာန ( ၂ ) ခုဖွင့်လှစ်ထားပြီး ဟားခါးစာစစ်ဌာနတွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်ကို ကျောင်းသား ၂၁၇ ဦး ၊ ကျောင်းသူ ၃၂၀ ဦး ၊ စုစုပေါင်း ၅၃၇ ဦးကလည်းကောင်း ၊ တီးတိန်စာစစ်ဌာနတွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား ၁၀၀ ဦး ၊ ကျောင်းသူ ၂၀၁ ဦး၊ စုစုပေါင်း ၃၀၁ ဦးကလည်းကောင်း ဖြေဆိုသဖြင့် ပြည်နယ်ချုပ်အဖြစ် ကျောင်းသား ၃၁၇ ဦး ၊ ကျောင်းသူ ၅၂၁ ဦး ၊ စုစုပေါင်း ၈၃၈ ဦးက ဖြေဆိုရာ ချင်းပြည်နယ်အတွင်း ၉၁ ဒသမ ၅၈ ရာခိုင်နှုန်းဖြေဆိုခဲ့ကြောင်း ပြည်နယ်ပြည်ပညာရေးမှူးရုံးမှ သိရသည်။
အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကို ဟားခါးမြို့တွင် ဖြေဆိုကြပြီး စက်မှုအထူးပြုဘာသာရပ်ကို ကျောင်းသား ၁၂ ဦး ၊ ကျောင်းသူ ၅ ဦး ၊ စုစုပေါင်း ၁၇ ဦးက လည်းကောင်း ၊ စိုက်ပျိုးရေးအထူးဘာသာရပ်ကို ကျောင်းသား ၃ ဦး ၊ ကျောင်းသူ ၇ ဦး စုစုပေါင်း ၁၀ ဦးကလည်းကောင်း ဖြေဆိုခဲ့ကြောင်း ပြည်နယ်ပြည်ပညာရေးမှူးရုံးမှ သိရသည်။
ကိုဆလိုင်း