သီပေါမြို့နယ်တွင် အိမ်တွင်းလက်မှုပညာ (တစ်ချောင်းထိုး) သင်တန်း ဖွင့်လှစ်

သီပေါ မတ် ၁၇

အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အာရုံစူးစိုက်မှု အားကောင်း၍ ဉာဏ်ရည်ထက်မြက်လာစေရန်နှင့် အသုံးအဆောင်ပစ္စည်းများကိုယ်တိုင်ဖန်တီးပြုလုပ်တတ်စေရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီက အိမ်တွင်းလက်မှုပညာတစ်မျိုးဖြစ်သည့် တစ်ချောင်းထိုးနည်းဖြင့် ပန်း၊ အရုပ်၊ အိတ်ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့ပြီးနောက်  Women Club အဖွဲ့ဝင် ဒေါ်သဇင်စိုးက အခြေခံတစ်ချောင်းထိုးနည်း အဆင့်ဆင့်ကို သင်ကြား ပြသပေးခဲ့ရာ သင်တန်းသားများကစိတ်ပါဝင်စားစွာလေ့လာသင်ယူခဲ့ကြကြောင်း၊ သင်တန်းကာလမှာ မတ်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေ့စဉ်မွန်းလွှဲ(၁)နာရီမှ ညနေ(၃)နာရီအထိ (၅) ရက် သင်တန်းဖွင့်လှစ်သင်ကြားပြသပေးခြင်းဖြစ်ကြောင်း၊ သင်တန်းကို ကျောင်းသူများ၊ ဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူ ရပ်ကွက်နေပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖွဲ့စည်းထားသော Club အသင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲနှင့် အိမ်တွင်းမှုသင်တန်းများကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်