မြဝတီမြို့ တွင် ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၃)ပါးတို့အား ထပ်ဆင့်ဂုဏ်ပြု ပူဇော်  

မြဝတီ  မတ် ၁၇

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ ကျက်သရေဆောင် ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော် သာသနာ့ဟိတကာရီဗိမာန်၌ ယနေ့နံနက်၉ နာရီတွင် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ကရင်ပြည်နယ်သာသနာနုဂ္ဂဟအသင်းနှင့် စေတနာရှင်ဒါယကာ/ဒါယိကာမ များစုပေါင်း၍ ၂၀၂၆ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၃)ပါးတို့အား ချီးမြှောက်ပူဇော်သည့် ” ဂုဏဝိသိဋ္ဌပူဇာ”ပွဲ အခမ်းအနားကိုကျင်းပသည်။

ဦးစွာ ရွှေမြင်းဝန်စေတီတော်ကြီး၏ မြောက်ဘက်မုခ်မှ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၃)ပါးကို ပင့်ဆောင်တော်မူပြီး ဂုဏ်ပြုပူဇော်ပွဲကို ကျင်းပခဲ့ရာ နမောတဿ (၃)ကြိမ်ရွတ်ဖတ် ပူဇော်ဘုရားကန်တော့ပြီးအခမ်းအနားကို ဖွင့်လှစ်သည်။ ဆက်လက်ပြီး  နိုင်ငံတော်ဗဟို သံဃာ့ဝန် ဆောင် မြသုခ တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာနန္ဒထံမှ (၅)ပါးသီလခံယူဆောက်တည်၍ ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူ ကြည်ညိုကြသည်။

ဆက်လက်ပြီး မြဝတီခရိုင်သာသနာရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဝင်းက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၏ ထေရုပ္ပတိအကျဥ်းကိုဖတ်ကြားပူဇော်သည်။ ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၃)ပါးတို့ကို ထပ်ဆင့် ဂုဏ်ပြုပူဇော်ခဲ့ကြရာ သီရိရတနာသက်လွတ်ကျောင်းမှ အဂ္ဂမဟာသဒ္ဒမ္မဇော်တိကဓဇဘွဲ့ရရှိခဲ့သည့် ဆရာတော် ဘဒ္ဒန္တအာသီသကို  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက လည်းကောင်း ဓမ္မရောင်ခြည်ပရိယတ္တိစာသင်တိုက် မှ မဟာ သဒ္ဓမ္မဇော်တိကဓဇဘွဲ့ရရှိခဲ့သည့် ဆရာတော်ဘဒ္ဒန္တဓမ္မပါလကို ကရင်ပြည်နယ်သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးစောမုတ်သုန်က လည်းကောင်း၊ ထေရဝါဒဗောဓိရိပ်သာကျောင်း ဆရာတော်ဘဒ္ဒန္တဓမ္မဒဿီကို ကမ္မဋ္ဌာနာစရိယဘွဲ့တော်အား မြို့နယ်စီမံခန့်ခွဲ့ရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မော်အောင်ကလည်းကောင်း ဘွဲ့တံဆိပ်တော် အဆောင် အယောင်နှင့်လှူဖွယ်ဝထ္ထုပစ္စည်းများအား ဆပ်ကပ်လှူဒါန်းပူဇော်ခဲ့ကြပြီး ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုနှင့် လှူဖွယ်ပစ္စည်းအစုစုတို့ကို အလှူရှင် ဒါယကာ/ဒါယိကာမများက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများကို ချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြသုခတပ်ဦးကျောင်း တိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာနန္ဒဆရာတော်မှ အနုမောဒနာ တရားချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ( ပြန်/ဆက်)