မောက်မယ်မြို့နယ်၌ ရာသီစာသံလွင်ရွက်နု (ဖတ်မန်း) ခူးချိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

မောက်မယ် မတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကဒူးကြီးကျေးရွာအုပ်စုရှိ ဒေသများနှင့် ဝမ်စလောင်းကျေးရွာအနီးအနားပတ်ဝန်းကျင်တစ်ဝိုက်ကျေးရွာများမှ ရာသီပေါ် သံလွင်ရွက် (ခေါ်) ရှမ်းအခေါ် (ဖတ်မန်း) ရွက်များ ရှာဖွေခူးဆွတ်ရောင်းချခြင်းဖြင့် လုပ်ကိုင်စားသောက်နေသည့်ပြည်သူများ မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေပေးနေကြကြောင်း သံလွင်ရွက် (ဖတ်မန်း) ရွက် ခူးဆွတ်ရောင်းချသူများထံမှ သိရသည်။

သံလွင်ရွက် (ဖတ်မန်း) ရွက်သည် မောက်မယ်မြို့နယ်အတွင်း ကဒူးကြီးကျေးရွာအုပ်စုဒေသများနှင့် ဝမ်စလောင်းကျေးရွာ အနီးအနားပတ်ဝန်းကျင်တစ်ဝိုက်တွင်သာ ပေါက်ရောက်သည် သစ်ဥ၊ သစ်ဖု ရှာဖွေခူးဆွတ်ရောင်းချသူများသည် ဘိုးစဉ်ဘောင်ဆက် ကဒူးကြီးတောကို အမှီပြု၍  ရာသီပေါ်သီးနှံ အမျိုးမျိုးကိုရှာဖွေ တူးဖော်ဆွတ်ခူးရောင်းချနေသည့်ကျေးရွာများဖြစ်ကြရာ သံလွင်ရွက် (ဖတ်မန်း) ရွက်သည် နှစ်စဉ်မတ်လ ဆန်းပိုင်းတွင်စတင်ထွက်ရှိပြီး ရှမ်းပြည်နယ်တွင်မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင်သာ ပေါက်ရောက်သည့် ရှားပါးအရွက်ဖြစ်ပြီး ကျန်နေရာဒေသများတွင် ပေါက်ရောက်ခြင်း မတွေ့ရကြောင်း သံလွင်ရွက် (ဖတ်မန်း) ရွက်သည် ချိုမြိန်သောအရသာရှိကာ ဟင်းရည်အဖြစ်လည်းကောင်း အမျိုးမျိုးကြော်/ချက်စား၍လည်း အရသာကောင်းမွန်လှသည်။ ယခုနှစ်တွင်  သံလွင်ရွက်(ဖတ်မန်း)ရွက် (၁) ပိဿာလျှင် ကျပ်(၄၀၀၀၀)ဖြင့် မောက်မယ်စျေး/ လင်းခေးစျေး/ ဝမ်ဟတ်စျေး ၅ ရက်တစ်စျေးသို့ လည်းကောင်း ရပ်ကွက်/ကျေးရွာအတွင်း လှည့်လည်ရောင်းချခြင်းဖြင့်လည်းကောင်း မတ်လကုန်ခါနီး လှိုင်လှိုင်ပေါ်ချိန်တွင် တောင်ကြီးသို့ တင်ပို့ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေကြကြောင်း သံလွင်ရွက် (ဖတ်မန်း) ရွက် ရောင်းချသူများထံမှ ရှင်းပြ၍ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)