နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည့်စာစစ်ဌာနများအား ကြည့်ရှုအားပေး၊ ဒေသဖွံ့ဖြိုး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် မတ် ၁၇

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် စာစစ်ဌာနများအား သွားရောက်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့၊ အ -ထ - က (သာဝတ္ထိ) စာစစ်ဌာနသို့ သွားရောက်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးကာ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ စာမေးပွဲကြီးကြပ်များ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ လုံခြုံရေးအဖွဲ့များအား ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာဖြေဆိုနိုင်ရေး၊ ကျောင်းတွင်းကျောင်းပြင် လုံခြုံမှုရှိစေရေး၊ နွေရာသီကာလ မီးဘေးအန္တရာယ်အထူးဂရုပြုဆောင်ရွက်ရေးနှင့် စာမေးပွဲဖြေဆိုနေချိန်ကာလတွင် ဆူညံမှုများမဖြစ်ပေါ်စေရေး အလေးအနက်ထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့၊ အ-ထ-က (သပြေပင်) စာစစ်ဌာန၊ အ-ထ-က (သစ်ပုတ်ပင်) စာစစ်ဌာနနှင့် အ-ထ-က (ကံသာ) စာစစ်ဌာနများသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုအား ကြည့်ရှုအားပေးကာ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့၊ အမှတ် (၇) ရပ်ကွက်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန (လမ်း/တံတား) မှ လမ်းတိုးချဲ့ခြင်းလုပ်ငန်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း (အင်ဘုမီးပွိုင့်မှ ဈေးမီးပွိုင့်အထိ ကွန်ကရစ်ချဲ့ခင်းခြင်း) ၂၈၅၆၄ စတုရန်းပေx၈ လက်မထု ဆောင်ရွက်ပြီးစီးမှုနှင့် ၂၇၅၀ ပေ အရှည်ရှိ ကပ်တုံးဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကာ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး မှာကြားခဲ့ ကြောင်းသိရသည်။

မြို့နယ်( ပြန်/ဆက်)