ဒဂုံဆိပ်ကမ်း မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး စုံရက်၊ မရက်ခွဲခြား၍ မော်တော်ယာဉ်မောင်းနှင်စေမည့်စနစ်အား ယာဉ်အသုံးပြုသူများ အလေးထားလိုက်နာဆောင်ရွက်စေရန်အတွက် ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၆၈)ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းဆုံတွင် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ထွီးခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၂၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးအောင်အောင်တို့ပါဝင်သော One Stop Service ပူးပေါင်းအဖွဲ့မှ ကနောင်မင်းသားကြီးလမ်းတစ်လျှောက် ဖြတ်သန်းမောင်းနှင်လာသော မော်တော်ယာဉ်(၅၀)စီးအား စုံရက်/မရက်များအလိုက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ကာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
နိုင်ငံအတွင်း စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂၀၂၆ ခုနှစ် မတ်လ (၃)ရက်နေ့နှင့် (၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော စက်သုံးဆီခြိုးခြံချွေတာစွာ သုံးစွဲရေးအတွက် ပြည်သူသို့အသိပေးကြေညာချက်အား မတ်လ(၇)ရက်နေ့မှ မတ်လ(၁၃)ရက်နေ့အထိ ပညာပေးကာလအဖြစ်သတ်မှတ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာခြင်းမရှိသည့် မော်တော်ယာဉ်မောင်းနှင်သူများအား မတ်လ(၁၄)ရက်နေ့မှစ၍ အလုပ်မဲ့ထောင်ဒဏ်(၁)လနှင့် ဒဏ်ငွေ နှစ်သောင်းကျပ်အား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးစန္ဒာ (ဆိပ်ကမ်း)