ခိုလမ် မတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ဟိုင်းလိုက်ကျေးရွာအုပ်စု၊ (၂၆)မိုင်ကျေးရွာ၊ ရန်ငြိမ်းအေးတောရကျောင်းတိုက်ဆရာတော် ဘန္တဒ္ဒကုသလ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား/ ကျောင်းသူများ အခြေခံကိုယ်ကျင့်တရားကောင်းမွန်စေရန်ရည်ရွယ်၍ ယဉ်ကျေးလိမ္မာသင်တန်းကို မတ်လ ၁၆ ရက်နေ့မှစ၍ ခိုလမ်မြို့၊ ဟိုင်းလိုက်ကျေးရွာအုပ်စု၊ (၂၆)မိုင်ကျေးရွာ၊ ရန်ငြိမ်းအေးတောရကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ နံနက် ၈ နာရီတွင် ရန်ငြိမ်းအေးတောရကျောင်းတိုက်ဆရာတော် ဘန္တဒ္ဒကုသလမှ ငါးပါးသီလနှင့် ဩဝါဒစကား ခံယူဆောက်တည်ကြပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာစာအုပ်ပါ ဗုဒ္ဓဝင်အကျဉ်း၊ ဩကာသဘုရားရှိခိုးနှင့်တကွ သီလခံယူဆောက်တည်ပုံ၊ ရတနာမြတ်သုံးပါး ဂုဏ်တော်ပါဠိအနက်၊ မေတ္တာပို့အမျှဝေ၊ (၃၈)ဖြာ မင်္ဂလာကဗျာများကိုလည်းကောင်း၊ လောကနီတိနှင့် ဆုံးမစာများကို သင်ကြားပို့ချပေးလျက်ရှိသည်။
အဆိုပါသင်တန်းသို့ ဟိုင်းလိုက်ကျေးရွာအုပ်စု၊ (၂၆) မိုင်ကျေးရွာမှ ကျောင်းသား/သူ ၃၅ ဦး တက်ရောက်ကြပြီး မတ်လ ၁၆ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့ထိ ၄ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းသား/သူများအား အလှူရှင်များမှ စာရေးကိရိယာများ လှူဒါန်းပြီး နေ့စဉ် အချိုရည်၊ မုန့် ကျွေးမွေးလှူဒါန်းကြကြောင်း သိရှိရသည်။
ကျော်ဇင်(ခိုလမ်၊ပြန်/ဆက်)