မိုးနဲ မတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပဲစင်းငုံများ ဈေးကောင်းရရှိနေပြီး စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပဲစင်းငုံသည် ကုန်ကျစရိတ်သက်သာသော သီးနှံဖြစ်ပြီး ရာသီမရွေးစိုက်ပျိုးနိုင်သော သီးနှံဖြစ်ကြောင်း၊ ပြောင်းသီးနှံများဖြင့်လည်း သီးညှပ်စိုက်ပျိုးနိုင်ကြောင်း၊ ယခင် မိုးရာသီကာလ ပြောင်းသီးနှံများ စိုက်ပျိုးရာတွင် သီးညှပ်စိုက်ပျိုးထားသော ပဲစင်းငုံများ ယခုအချိန်တွင် စတင်ရိတ်သိမ်းနေရပြီဖြစ်ကြောင်း၊ ပဲစင်းငုံများကို အပွင့်ပွင့်ချိန်တွင် အားဆေးပက်ဖျန်းပေးခြင်းဖြင့် အသီးအားကောင်းစေပြီး အဖျင်းနည်းစေကြောင်း၊ အဝယ်ဒိုင်များအနေဖြင့် ယခုအချိန်တွင် ပဲစင်းငုံတစ်ပိဿာလျှင် ကျပ် ၄ ထောင်အထိ ဝယ်ယူလျက်ရှိကြောင်း ပဲစင်းငုံစိုက်ပျိုးသူ ဒေါ်ပါခမ်းထံမှ သိရသည်။
မိုးနဲမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြရာ မကြာမီ ကြက်သွန်ဖြူများ၊ ပဲပုပ်များ လှိုင်လှိုင်ပေါ်ထွက်လာတော့မည်ဖြစ်ကြောင်း သိရသည်။
ဇင်ကိုကို