မိုင်းနောင် မတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် ရှမ်းပြည်နယ် သဘာဝတောရေထွက်၊ ရေထိန်းတောထိန်းသိမ်းကာကွယ်ရေးဥပဒေအရ အများပြည်သူများ အသုံးပြုလျက်ရှိသည့် လုံယန်းကျေးရွာ ရေထွက်တွင် ရေထိန်းတောထိန်းသိမ်းခြင်းလုပ်ငန်းများကို ယမန်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
လုံယန်းကျေးရွာအုပ်စုတွင် လားဟူတိုင်းရင်းသားအများစုနှင့် ရှမ်းတိုင်းရင်းသား အနည်းစုနေထိုင်ကာ တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းကာ လုပ်ကိုင်စားသောက်သည့် ဒေသဖြစ်ပြီး သဘာဝရေထွက်ကို အဓိကထား အသုံးပြုရသဖြင့် ရေအရင်းအမြစ်ရေရှည်တည်တံ့ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝရေထွက်များ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆောင်ရွက်မှုတွင် မိုင်းနောင်မြို့ အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်း၊ သစ်တောဦးစီးဌာနမှ ဘိနယ်တာဝန်ခံဦးအောင်ကျော်စိုးနှင့်အတူ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လုံယန်းအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက သဘာဝရေထွက်တောထိန်းသိမ်းရေးဧရိယာ၊ အမာခံနယ်မြေ၊ ကြားခံနယ်မြေဧရိယာသတ်မှတ်ခြင်း၊ တည်နေရာပြမြေပုံ၊ Google Map မြေပုံ၊ ဥပဒေပါတားမြစ်ချက်ဆိုင်းဘုတ်စိုက်ထူခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)