မိုင်းပျဉ်း မတ် ၁၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ရှိ အ.ထ.က(မိုင်းပျဉ်း)စာစစ်ဌာနနှင့် မြို့နယ်ပြည်သူ့ဆေးရုံ၊ ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံကြီးတို့အား ယမန်နေ့ နံနက် (၈)နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် အ.ထ.က(မိုင်းပျဉ်း)စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် ယာဉ်များနှင့် စက်သံများ ဆူညံမှုမရှိစေရေး စီစဉ်ဆောင်ရွက်ထားမှု၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ မဖြစ်ပွားစေရေး၊ အခြားကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုနှင့် စာဖြေဆောင်အလိုက် ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ဆေးရုံအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင်ပြေချောမွေ့စေရေးနှင့် လူနာများအား ဆေးကုသမှု ဆောင်ရွက်ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ဗျူဟာမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှုးနှင့် မြို့နယ်ဆရာဝန်ကြီးတို့က လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြကြရာ လူမှုရေးရာဝန်ကြီးမှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီး၌ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင်ပြေချောမွေ့စေရေးနှင့် လူနာများအား ဆေးကုသမှု ဆောင်ရွက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရှိရသည်။
ထက်ဝေ(ပြန်/ဆက်)