ပုံပါကျင်မြို့၊ နမ့်ဟူးခွန်ကျေးရွာ၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပုံပါကျင် မတ် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ နမ့်ဟူးခွန်ကျေးရွာ၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး၊ တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီက ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်း၍ အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

အဆိုပါ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်အောင် ဦးဆောင်သော သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူတို့က သဘာဝအလျှောက်တောမီးလောင်ကျွမ်းခြင်း၊ တို့မီး၊ ရှို့မီးနှင့်အခြား ပေါ့ဆမီးများကြောင့် ဖြစ်ပေါ်လာသည့် ဒေသတွင်းမီးခိုးမြူငွေ့ ကျရောက်နိုင်သည့်အခြေအနေများ၊ မီးခိုးမြူငွေ့များကြောင့် မျက်စိနာခြင်း၊ အရေပြားယားယံခြင်း၊ ချောင်းဆိုးခြင်း၊ နှာမွှန်ခြင်း၊ ကင်ဆာရောဂါဖြစ်ပွားနိုင်ခြင်း၊ ရာသီဥတုပြောင်းမှုကိုဖြစ်စေခြင်းနှင့် မဆင်မခြင်တောမီးရှို့ခြင်းအတွက် ရရှိလာမည့် ပြစ်မှုပြစ်ဒဏ်များ၊ တောမီးရှို့၍ အမဲလိုက်ခြင်းများမပြုလုပ်ကြရန် စသည်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာအတွင်းနေပြည်သူများက သိရှိလိုသည့်များ ပြန်လည်မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဌာနဆိုင်ရာများမှတာဝန်ရှိသူတို့က ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြ‌ကြောင်း သိရသည်။

အိအိဖြိုး(ပြန်/ဆက်)