စဉ့်ကိုင် မတ် ၁၆
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာနသုံးခု၌ မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ပဉ္စမနေ့) ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့တွင် ကျောင်းသား၊ ကျောင်းသူ ၉၆ ဒဿမ ၃၇ ရာခိုင်နှုန်း အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အနေဖြင့် စာစစ်ဌာနသုံးခု၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ပဉ္စမနေ့) ရူပဗေဒဘာသာရပ်တွင် ဖြေဆိုရန် စာရင်းသွင်းထားရှိသူဦးရေ ၁,၆၇၃ ဦးရှိပြီး ၁,၆၂၃ ဦး ဝင်ရောက်ဖြေဆိုကာ ၅၀ ဦးပျက်ကွက်ခဲ့ကြောင်း၊ သမိုင်းဘာသာရပ်တွင် ဖြေဆိုရန် စာရင်းသွင်းထားရှိသူဦးရေ ၆၃ ဦးရှိပြီး ၅၀ ဦး ဝင်ရောက်ဖြေဆိုကာ ၁၃ ဦးပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရန် ကျောင်းဝန်းအတွင်းနှင့် အပြင်များ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက လုံခြုံရေးကိစ္စရပ်များနှင့် ကျန်းမာရေးကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)