မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မဟာမင်းထင်သစ်သားကျောင်းတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း လုပ်ငန်းစတင်ခြင်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ချမ်းအေးသာစံ  မတ် ၁၆

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ် အဆောက်အအုံစာရင်းဝင် မဟာမင်းထင်သစ်သားကျောင်းတော်ကြီးအား ပြန်လည်ပြုပြင် မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းစတင်ခြင်း ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါ ကျောင်းတော်ကြီးရှေ့၌ကျင်းပရာ မဟာအောင်မြေမြို့နယ်၊ မဟာမင်းထင်တိုက်(တိုက်အုပ်)၊ အောင်ရတနာကျောင်းဆရာတော် ဘဒ္ဒန္တဝိလာသဂ္ဂ ကြွရောက်ချီးမြှင့်တော်မူသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အသင်းသူအသင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်  မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးဒေသ၊ အင်းဝ၊ ပင်းယ၊ မြင်းစိုင်း၊ မက္ခရာဒေသရှိ ရှေးဟောင်း အဆောက်အအုံများနှင့် တန်ခိုးကြီးစေတီပုထိုးများစွာထိခိုက်ပျက်စီးခဲ့ရာ မဟာမင်းထင်ကျောင်းလည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက်တည်ဆောက် လှူဒါန်းခဲ့ကြသော ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်လက်ရာ သစ်သားကျောင်းတော်ကြီးများအား တွေ့မြင်နိုင်ပြီး နှစ်ပေါင်း (၁၇၀)ကျော်ရှိပြီ ဖြစ်သည့် ယခုသစ်သားကျောင်းတော်ကြီးမှာ မြန်မာ့ယဉ်ကျေးမှုပြယုဂ်အဖြစ် အဆောင်ဖွဲ့စည်းမှုများပါဝင်သော စံပြမြန်မာ့သစ်သားဘုန်းတော်ကြီးကျောင်းများထဲမှ တစ်ကျောင်းအပါအဝင်ဖြစ်ပြီး ကြီးမားခန့်ညားထည်ဝါ၍ အနုလက်ရာများကျန်ရှိသည့် ကျောင်းဖြစ်သည့်အတွက် ပြုပြင်ထိန်းသိမ်းခြင်းဆောင်ရွက်ရာတွင် ကျွမ်းကျင်ပညာရှင်များဖြင့်စနစ်တကျဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းအမွေ အနှစ်အဆောက်အအုံစာရင်းဝင် မဟာမင်းထင်သစ်သား ကျောင်းတော်ကြီးပြန်လည်ပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်းလုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်ဖြစ်ပုံနှင့် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မဟာမင်းထင်တိုက်(တိုက်အုပ်) အောင်ရတနာကျောင်း ဆရာတော်က မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ စာရင်းဝင် မဟာမင်းထင်သစ်သားကျောင်းတော်ကြီး ရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း လုပ်ငန်းစတင်ခြင်း အထိမ်းအမှတ်ဆိုင်းဘုတ်အား အမွှေးနံ့သာရေများ ပက်ဖျန်းဖွင့်လှစ်ပေး၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ တာဝန်ရှိသူများက အထိမ်းအမှတ်ဆိုင်းဘုတ်အားအမွှေးနံ့သာရေများ ပက်ဖျန်းပေးပြီးနောက်  သစ်သားကျောင်းတော်ကြီး ထိခိုက်ပျက်စီးခဲ့မှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။

အဆိုပါ သစ်သားကျောင်းတော်ကြီးမှာ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ပြန်လည်ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)တို့မှအနီးကပ်ကြီးကြပ်မှု၊ ဂျပန် နိုင်ငံရှိAEON Coporation နှင့် ဂျပန်ပြည်သူများမှလှူဒါန်းမှုအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့မှ အကောင်အထည်ဖော်မှုတို့ဖြင့် ပြန်လည်ပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)