တောင်ကြီး မတ် ၁၆
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ မတ်လ ၁၄ ရက်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စားသုံးသူများ၏ အကျိုးစီးပွားကို ပိုမိုအာရုံစိုက်မိလာစေရန်နှင့် စားသုံးသူများ၏ အခွင့်အရေးများကို အလေးထားလိုက်နာ အကောင်အထည်ဖော်နိုင်စေရန် ရည်ရွယ်ပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများ နေ့အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဥ်ကျင်းပလျက်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့ (Consumers lnternational -CI)က ကမ္ဘာ့နိုင်ငံများတွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်ပြီး အလေးအနက်ထားဆောင်ရွက်နိုင်ရန်အတွက် နှစ်စဥ်ဆောင်ပုဒ်တစ်ရပ်ကို သတ်မှတ်ထုတ်ပြန်ပေးလျက်ရှိရာ ယခုနှစ်ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်မှာ “ထုတ်ကုန်ဘေးကင်းလုံခြုံမှယုံကြည်စိတ်ချ စားသုံးသူဘဝ”(safeproducts ,Confident Consumers)ဟု သတ်မှတ်ပေးခဲ့ပါကြောင်း၊ ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝဆိုသည်မှာ အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူသုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဥ်ဖြစ်ပါကြောင်း၊ ထုတ်လုပ်သူဘက်က စီးပွားရေးကျင့်ဝတ် နှင့်အညီဆောင်ရွက်မှုရှိခြင်း၊ စားသုံးသူဘက်ကအသိပညာနှင့်သတိရှိခြင်း၊ အစိုးဘက်က ဥပဒေနှင့်အညီ ထိန်းကျောင်းပေးခြင်းတို့ ပေါင်းစပ်လိုက်ပါက ဘေးကင်းစိတ်ချရသော လူမှုပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မည်ဖြစ်ပြီး ဘေးကင်းမှုရှိလာသည်နှင့်အမျှ စားသုံးသူများ၏ ယုံကြည်မှုသည်လည်းမြင့်မားလာကာ နိုင်ငံတော်၏စီးပွါးရေးသည်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိစေနိုင်မည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ထို့နောက်စားသုံးသူကာကွယ်ရေးဆိုင်ရာ Video Clip ဖွင့်လှစ်ပြသပြီး ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူက စားသုံးသူကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားတက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ခန်းမအတွင်းခင်းကျင်းပြသထားသည့် ရှမ်းပြည်နယ်အတွင်း ဒေသထွက်ကုန်များနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များပြခန်း၊ စားသုံးသူကာကွယ်ရေးအသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)