စဉ့်ကိုင် မတ် ၁၅
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အတွင်းရှိ စာစစ်ဌာနသုံးခု၌ မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (စတုတ္ထနေ့) ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူ ၁,၆၇၃ ဦး အေးချမ်းစွာဖြင့် ဖြေဆိုနေမှုအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သံယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများ မြို့နယ်အတွင်းရှိ စာစစ်ဌာနသုံးခုဖြစ်သည့် အ.ထ.က (စဉ့်ကိုင်) စာစစ်ဌာန၊ အထက(ပလိပ်) စာစစ်ဌာနနှင့် အ.ထ.က(ဘယ်လင်း) စာစစ်ဌာနများသို့ ရောက်ရှိစဉ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးနှင့် ကျောင်းအုပ်ကြီးများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက စာမေးပွဲ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူဦးရေ၊ ဌာနဆိုင်ရာများမှ လုံခြုံရေးရာ ကိစ္စရပ်များ ဆောင်ရွက်ပေးမှုအခြေအနေ၊ စာရေးကိရိယာများ အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး စာမေးပွဲကြီးကြပ်ရေးမှူးဆရာ၊ ဆရာမများ ကျန်းမာရေးဝန်ထမ်းများနှင့် အုပ်ချုပ်ထောက်ပံ့ကိစ္စရပ်များ ဆောင်ရွက်ပေးနေကြသူများကို အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အနေဖြင့် စာစစ်ဌာနသုံးခု၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စတုတ္ထနေ့) ဓာတုဗေဒဘာသာရပ်တွင် ဖြေဆိုရန် စာရင်းသွင်းထားရှိသူဦးရေ ၁,၆၇၃ ဦးရှိပြီး ၁,၆၂၃ ဦး ဝင်ရောက်ဖြေဆိုကာ ၅၀ ဦးပျက်ကွက်ခဲ့ရာ ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၇ ဒဿမ ၀၁ ရာခိုင်းနှုန်းရှိကြောင်း၊ ပထဝီဝင်ဘာသာရပ်တွင် ဖြေဆိုရန် စာရင်းသွင်းထားရှိသူဦးရေ ၆၃ ဦးရှိပြီး ၅၀ ဦးဝင်ရောက်ဖြေဆိုကာ ၁၃ ဦးပျက်ကွက်ခဲ့ရာ ဖြေဆိုမှုရာခိုင်နှုန်းမှာ ၇၉ ဒဿမ ၃၇ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်စွာ (စဉ့်ကိုင်)