တောင်ကြီး မတ် ၁၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်သည် ဝာာဝန်ရှိသူများနှင့်အတူ မတ်လ(၁၄) ရက်နေ့၊ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၌ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် တောင်ကြီးမြို့ပေါ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်ဒီဂရီကောလိပ်များ၊ ဆေးရုံများနှင့် မြို့တော်ခန်းမတို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးသည် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ဝန်ထမ်းအိမ်ရာတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရုံးနှင့် ဝန်ထမ်းအိမ်ရာတို့၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေး၍ ပြည်နယ်ဝန်ကြီးက ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် အမှိုက်များ၊ သစ်ကိုင်းသစ်ရွက်ခြောက်များ၊ ပလတ်စတစ်အမှိုက်များအား စနစ်တကျ ရှင်းလင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရေနုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေး ဂရုပြုဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
ထို့အတူ ရှမ်းပြည်နယ်အတွင်း ခရိုင်၊ မြို့နယ်၊ မြို့များအလိုက် မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
ထက်ဝေ (ပြန်/ဆက်)