ဘားအံ မတ် ၁၄
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပူပြင်းခြောက်သွေ့သော နွေရာသီကာလရောက်ပြီဖြစ်၍ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးနှင့် ဌာနဆိုင်ရာအဆောက်အဦးများ မီးဘေးအန္တရာယ်လုံခြုံစေရေး ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်း (၁၀)နာရီအချိန်က ဘားအံမြို့နယ်၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် ဘားအံခရိုင် မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးလောင်မှုသဘောသဘာဝများ၊ မီးလောင်မှုအမျိုးအစားများနှင့် မီးငြိမ်းသတ်ရေးနည်းလမ်းများ၊ မီးသတ်ဆေးဘူးလက်တွေ့အသုံးချ ငြိမ်းသတ်ခြင်းဆိုင်ရာ သိကောင်းစရာများကို ဟောပြောပြီးနောက် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူ (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)