ဟားခါး မတ် ၁၄
ချင်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုနှင့် ပြည်နယ်မီးသတ်ဦးစီးဌာန၏ပူးပေါင်းမှုဖြင့် ဖွင့်လှစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဆင်းပွဲအခမ်းအနားကို မတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်ခြင်းအားဖြင့် တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မြင့်မာလာမည်ဖြစ်ပြီး လိုအပ်သည့်အချိန်တွင် လိုအပ်သည့်တာဝန်များကို ထိရောက်စွာဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း ယခုကဲ့သို့ လေ့ကျင့်ရေးနှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ထားသည်ကို လေ့လာသိရှိရပါကြောင်း၊ ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ကြောင်း၊ ပွင့်လင်းရာသီတွင် ဘေးအန္တရာယ်များကြုံတွေ့လေ့ရှိပြီး သဘာဝဘေးအန္တရာယ်ကတော့ ရာသီမရွေးကြုံတွေ့လေ့ရှိပါကြောင်း၊ နိုင်ငံတော်က ဒေသဖွံ့ဖြိုးရေးအတွက် ကြိုးစားပမ်းစား ဆောင်ရွက်နေသည့်အချိန်တွင် တစ်ဖက်က အနုတ်လက္ခဏာဖြစ်နိုင်သည့် ပျက်စီးနိုင်သည့်အရာများကို ကြိုတင်ကာကွယ်ရမည်ဖြစ်ကြောင်း၊ ယခုအခါ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုဒဏ်ကို တစ်ကမ္ဘာလုံးက ကြုံတွေ့ခံစားနေရကြောင်း၊ နဂိုကတည်းက ဖွံ့ဖြိုးမှုအားနည်းသည့် ချင်းပြည်နယ်အတွက် သက်ရောက်မှုပိုရှိနိုင်ကြောင်း၊ မီးမလောင်ခင်တားဆိုသည့် မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်အတိုင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း မီးသတ်ဦးစီးဌာနတစ်ခုတည်းက ဆောင်ရွက်၍ရသည့် လုပ်ငန်းမဟုတ်ဘဲ ပြည်သူတစ်ရပ်လုံး၏ လက်တွဲပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အတူ MET Power ခေါ် လူ၊ ပစ္စည်းကိရိယာနှင့် နည်းပညာများကို ဟန်ချက်ညီညီဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လူအသင့်၊ ပစ္စည်းကိရိယာအသင့်၊ နည်းပညာအသင့်ရှိပါကများစွာ အကျိုးရှိမည်ဖြစ်ကြောင်းနှင့် သင်တန်းသားများအနေဖြင့် သင်တန်းတွင်ရရှိလာသည့် ပညာများကို စဉ်ဆက်မပျက် လေ့ကျင့်ပြီး MET Power ကို အားကောင်းအောင် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများနှင့် အသက် (၅၈)နှစ်ရှိပြီး စာတွေ့၊ လက်တွေ့၊ အသက်ကယ်ဆယ်ရေးလေ့ကျင့်ခြင်းလုပ်ငန်းများတွင် အထူးကြိုးပမ်းခဲ့မှုဖြင့် အထူးဇွဲဆုရရှိသူအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်ကလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေးကလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းတွင် သင်ကြားမှုမှတ်တမ်း Video Clip ပြသကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)