ထားဝယ် မတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် လောင်စာဆီချွေတာရေးကိုရည်ရွယ်ပြီးအမှတ် ၇၄ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူးသန်းဇော်ဝင်းဦးဆောင်၍ တပ်ဖွဲ့ဝင်များ က ဒေသခံပြည်သူများအား “စုံ”ရက်၊ “မ”ရက် ယာဉ်အသုံးပြု စီမံချက်ပူးပေါင်းပါဝင်ဆောင်ရွက်ရေးအသိပညာပေးမှုကို မတ်လ ၇ ရက်နေ့မှစ၍ မတ်လ ၁၃ ရက်နေ့အထိ ဆောင်ရွက်လျက်ရှိသည်။
ဝန်ထမ်းကြိုပို့ယာဉ်များ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးယာဉ်များ၊ စက်ရုံအလုပ်ရုံလုပ်ငန်းသုံးယာဉ်များ၊ ကျောင်းကြို/ပို့ယာဉ်များ၊ ဝန်ထမ်းယဉ်များ၊ စက်ရုံအလုပ်ရုံ၊ ကုန်ပစ္စည်း၊ ကျောင်းနှင့် ပတ်သက်သောယာဉ်များဖြစ်ပါက စီးနင်းလိုက်ပါသူများအနေဖြင့် သက်ဆိုင်ရာ အထောက်အထားများ ခိုင်ခိုင်မာမာထုတ်ဖော်ပြသဖို့လိုတယ်။ “စုံ”ရက်၊ “မ” ရက် ခွဲခြားပြီး မော်တော်ယာဉ်မောင်းနှင်တဲ့ စနစ်ဟာတစ်နိုင်ငံလုံးဆောင်ရွက်နေတာဖြစ်တယ်။ လက်ရှိဆောင်ရွက်နေတာက ပညာပေးကာလဖြစ်ပြီး စည်းကမ်းလိုက်နာတဲ့ မော်တော်ယာဉ်များကို တွေ့ရှိရသလို မလိုက်နာတဲ့မော်တော်ယာဉ်အချို့ကိုလည်းတွေ့ရှိရတယ်။ မတ်လ ၁၄ ရက်နေ့မှစ၍ စည်းကမ်းသတ်မှတ်ချက်များဖောက်ဖျက်ကျူးလွန်သည့် မော်တော်ယာဉ်များကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ် “စုံ” ရက်၊ “မ”ရက် မော်တော်ယာဉ်သုံးစွဲခြင်းနှင့်ပတ်သက်လို့ မော်တော်ယာဉ်ပိုင်ဆိုင်တဲ့သူများ အခက်အခဲတစ်စုံတစ်ရာရှိနိုင်ပေမယ့် မိမိအတွက်ရောအများပြည်သူအတွက်ပါ အကျိုးရှိထိရောက်တဲ့စနစ်ဖြစ်တာကို နားလည်ပေးဖို့လိုတယ်ဟုအမှတ် ၇၄ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူးသန်းဇော်ဝင်းက ပြောသည်။
ထို့နောက် အမှတ် ၇၄ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူးသန်းဇော်ဝင်းဦးဆောင်သော တပ်ဖွဲ့ဝင်များက ထားဝယ်မြို့အတွင်း သွားလာနေသော ယာဉ်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး စုံ/မ ယာဉ်ခွဲခြားမှုများအား ရှင်းလင်းပြသပေးခဲ့ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော် (ထားဝယ်)