မြစ်သား မတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိအသုံးချပြီး ပန်းချီရေးဆွဲတတ်စေရန်ရည်ရွယ်၍ ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်က ပြိုင်ပွဲများကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့် ပန်းချီပြိုင်ပွဲကျင်းပခြင်းဖြင့် ကလေးငယ်များအနုပညာကိုစိတ်ပါဝင်စားတတ်စေရန်၊ ပင်ကိုစိတ်ကူးစိတ်သန်းများမြင့်မားလာစေရန်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းနည်းပြဆရာ ဦးဇော်ဇော်ဝင်းက ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်သူများအား ပြိုင်ပွဲစည်းမျဥ်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ပန်းချီပြိုင်ပွဲအား ဆက်လက်ကျင်းပရာ အကြီးတန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးနှင့် အငယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူ ၂၀ ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)