ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီအခြေခံကွန်ပျူတာ၊အင်္ဂလိပ်စာ၊ ကိုရီးယား၊ ပန်းချီနှင့် စစ်တုရင်သင်တန်းများ ဖွင့်ပွဲကျင်းပ

တောင်ကြီး မတ် ၁၄

ရှမ်းပြည်နယ်ဝန်​ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ မတ် (၁၃) ရက် နံနက် (၉) နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ကိုရီးယားစကားပြော၊ ပန်းချီနှင့်စစ်တုရင်သင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယနေ့နိုင်ငံတစ်နိုင်ငံ၏ အရေးအကြီးဆုံး လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြသည့် လူငယ်များ နွေရာသီအားလပ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်တန်းများဖွင့်လှစ်ပေးခြင်းသည် နိုင်ငံတော်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံခြင်းတစ်ခုဖြစ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံ၏အနာဂတ်ကို ဖန်တီးနိုင်သူများဖြစ်ကြသည့်အတွက် လူငယ်များအား လမ်းမှားပေါ်သို့မရောက် ရှိစေရန် မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် ဖြောင့်တန်းစွာလျှောက်လမ်းနိုင်စေရန် ဝိုင်းဝန်းတည့်မတ်ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်များဖြစ်သည့်အတွက် လူငယ်များ၏ အတွေးအခေါ်၊ အတွေ့အကြုံ၊ အရည်အသွေးနှင့်ကိုယ်စွမ်းကိုယ်စများ ထူးချွန်ထက်မြတ်နေရန်လိုအပ်သကဲ့သို့ ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလစသည့် ဗလငါးတန်နှင့် လည်းပြည့်စုံနေရမှာဖြစ်ပါကြောင်း၊ ယနေ့ နည်းပညာခေတ်တွင် လူငယ်များကိုမှာ ကြားလိုသည်မှာ တယ်လီဖုန်းတစ်လုံးနှင့် ဂိမ်းများ၊ အကျိုးမဲ့သည့်ဗွီဒီယိုများကို ကြည့်ပြီးအချိန်ကုန်စေမည့်အစား Online မှ မိမိဘဝအတွက်အကျိုးရှိစေမည့် သင်တန်းများ၊ အသိပညာဗဟုသုတရရှိစေမည့် Website များကိုရွေးချယ်ပြီး ဝင်ရောက်လေ့လာကြည့်ရှုကြရန်မှာကြားလိုပါကြောင်း၊ လူထုအခြေပြုဗဟိုဌာနမှာ နွေရာသီကာလအတွင်း ဖွင့်လှစ်သည့်သင်တန်းများကို တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းများကို အချိန်မှန်မှန်တက်ရောက်ကြရန်နှင့် သင်တန်းများကနေ သင်ကြားပေးမည့်ဘာသာရပ်များကို စိတ်ပါဝင်စားစွာဖြင့် ကြိုးစားလေ့လာသင်ယူသွားကြရန် ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နွေရာသီသင်တန်းအတွက် ထောက်ပံ့ငွေများပေးအပ်ရာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက လက်ခံရယူပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က နွေရာသီသင်တန်းများအတွက် သင်ထောက်ကူပစ္စည်းများပေးအပ်ရာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်မှ လက်ခံရယူခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားသင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီး အင်္ဂလိပ်စကားပြောသင်တန်းခန်းမ၊ ကွန်ပျူတာသင်ခန်းမတို့တွင် သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားနေမှုကိုလည်းကောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်နေမှုနှင့် အထွေထွေဗဟုသုတ ဥာဏ်စမ်းပြိုင်ပွဲကျင်းပနေမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ကိုရီးယား၊ ပန်းချီနှင့်စစ်တုရင်သင်တန်းများကို မတ်လ(၁၃)ရက်မှဧပြီလ(၂၇)ရက်ထိ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၇၆)ဦး တက်ရောက်သင်ကြားကြကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့သည် ကလေးစာဖတ်ခန်းတွင် တောင်ကြီးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မူကြိုကလေးများက ရုပ်ပုံကားချပ် ဆေးရောင်စုံခြယ်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေး၍ ကလေးများအား ဗလာစာအုပ်နှင့်ဆုရရှိသူများကို ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြကြောင်း သိရှိသည်။

မောင်မောင်သန်း (တောင်ကြီး)