တပ်ကုန်း မတ် ၁၄
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် မတ် ၁၂ ရက်နံနက်ပိုင်းက မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့်တက္ကသိုလ်ဝင်တန်း စာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ကျားသေအိုင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိ၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဩဘာသအား ဖူးမြော်ကြည်ညိုပြီး၊ လှူဖွယ်ပစ္စည်းနှင့်နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ကျေးရွာသမအသင်းပိုင်မြေနေရာသို့ရောက်ရှိ၍ Cool Storage(သီးနှံများအအေးခန်းသိုလှောင်စနစ်ဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်ခြင်း) ဆောက်လုပ်မည့် အဆောက်အဦမြေနေရာအားကြည့်ရှုခဲ့ပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအေးမင်းထွန်းက ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်သည့်အကြောင်းအရာများ ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများ နွယ်ရစ်ကျေးရွာ၊ ကွင်းအမှတ် (၁၄၅၉) ကွင်း၊ ဖူးစားပြောင်းစိုက်ပျိုးရန် မြေပြုပြင်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးကာ တောင်သူများ တစ်နှစ်သုံးသီး ရာသီပြည့်သီးနှံများစိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ကြိုက်နှစ်သက်ရာ မျိုးကောင်းများကိုရွေးချယ်ပြီး တစ်ချိန်တည်းစိုက်ပျိုးပြီး ရိတ်သိမ်းချိန် ဟန်ချက်ညီအောင်ဆောင်ရွက်နိုင်ရေး၊ လယ်ယာမြေများ သီးနှံစိုက်ပျိုးမှုမရှိဘဲ မြေလှပ်မှုမရှိစေရေး၊ စိုက်ပျိုးမြေများကို စနစ်တကျပြုပြင်နိုင်ရေး၊ သဘာဝ မြေဩဇာကို တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေများအကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ ဒေသထွက်ကုန်သီးနှံများကို ကုန်ချောပြုလုပ်ရောင်းချနိုင်ရေးနှင့်တာဝန်ရှိသူများအနေဖြင့် ထုတ်ကုန်ပစ္စည်းထုတ်လုပ်နိုင်သည့်ပညာရှင်များ ပံ့ပိုးပေးနိုင်ရေး၊ တောင်သူနည်းပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများ ရွှေမြို့ကျေးရွာအခြေခံပညာအထက် တန်းကျောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနသို့ရောက်ရှိ၍ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာဖြေဆိုနိုင်ရေး၊ ကျောင်းတွင်း/ကျောင်းပြင်လုံခြုံမှုရှိစေရေး၊ ပူပြင်းခြောက်သွေ့သော နွေရာသီကာလဖြစ်သောကြောင့် မီးဘေးအန္တရာယ် အထူးဂရုပြုဆောင်ရွက်ရေးနှင့် စာမေးပွဲဖြေဆိုနေချိန်ကာလအတွင်း ဆူညံမှုများမဖြစ်ပေါ်စေရေး အလေးအနက်ထားဆောင်ရွက်ရန် ဌာနဆိုင်ရာစာမေးပွဲကြီးကြပ်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်