ရန်ကုန် မတ် ၁၄
GLAN MASTERFUTSAL LEAGUE-1 2025-2026 ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ MFF Futsal Stadium သုဝဏ္ဏတွင် ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်နှင့်တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပရိတ်သတ်များက GLAN MASTERFUTSAL LEAGUE-1 2025-2026 နောက်ဆုံးပွဲစဉ် YRG FC အသင်းနှင့် YCDC Dream Team FC အသင်းတို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ကျင်းပရာ GLAN MASTERFUTSAL LEAGUE-1 2025-2026 ပွဲစဉ်တွင် တာဝန်ယူခဲ့သော ဒိုင်ကြီးကြပ်နှင့် ဒိုင်လူကြီးများကို အမှတ်တရဆုများအားလည်းကောင်း၊ GLAN MASTERFUTSAL LEAGUE-1 2025-2026 ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုရရှိသည့် Gold Dream FC အသင်းကို ဆုတံဆိပ်နှင့်ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ အကောင်းဆုံးဂိုးသမားဆုရရှိသည့် YCDC Dream Team FC အသင်းမှ ကျောနံပါတ် (၂) ကျော်ရဲသွေးကို ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ အကောင်းဆုံးကစားသမားဆုရရှိသည့် YRG FC အသင်းမှ ကျောနံပါတ်(၃) ကိုကိုလွင်ကို ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ စတုတ္ထဆုရရှိသည့် M2k FC အသင်းကို ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ တတိယဆုရရှိသည့် MIU FC အသင်းကို တစ်ဦးချင်း ဆုတံဆိပ်နှင့်ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ ဒုတိယဆုရရှိသည့် YCDC Dream Team FC အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ကြသည်။
ယင်းနောက် GLAN MASTERFUTSAL LEAGUE-1 2025-2026 ပြိုင်ပွဲတွင် ပထမဆုရရှိသည့် YRG FC အသင်းကို တစ်ဦးချင်း ဆုတံဆိပ်နှင့်ဂုဏ်ပြုချီးမြှင့်ငွေအား အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်းကောင်း၊ ချန်ပီယံဆုဖလားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)