ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီခြိုးခြံချွေတာရေးနှင့်ဖူလုံမှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန် မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၃)တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဆီဆိုင်များအား မှန်ကန်စွာဖြင့်ခွဲဝေရောင်းချရေးနှင့် ဆီဆိုင်များသို့ ခွဲဝေစက်သုံးဆီများအား တိုင်းဒေသကြီးအတွင်း အချိန်နှင့်တစ်ပြေးညီရောက်ရှိရေး၊ မည်သူမဆို တရားမဝင်  ဆီသိုလှောင်ရောင်းဝယ်မှုများမရှိစေရန် အဖွဲ့စုံဖြင့် စစ်ဆေးရေး၊ စုံအက္ခရာ၊ မအက္ခရာကားများ စုံရက်နှင့်မရက်အလိုက် ဆီဖြည့်တင်းမှုနှင့် မောင်းနှင်မှုကို စနစ်တကျရှိစေရေး၊ တရားမဝင် လိုင်စင်မဲ့ယာဉ်များကိုအဖွဲ့စုံဖြင့် ညအချိန်အပါအဝင် စစ်ဆေးကြပ်မတ် အရေးယူဆောင်ရွက်ရေး စသည်တို့ကို ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးက စက်သုံးဆီဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီဆိုင်ရာကိစ္စရပ်များဖြင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)