ဆီဆိုင်မြို့နယ်၌ အပ်ချုပ်စက်နှင့်မော်တော်ဆိုင်ကယ်ပြုပြင်ခြင်း နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး ဆွေးနွေး

ဆီဆိုင် မတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေပြည်သူများနှင့် လူငယ်များအလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ရေး၊ မိသားစုဝင်ငွေတိုးရေးစီမံကိန်းနှင့် စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်စေရေးရည်ရွယ်၍ အပ်ချုပ်စက်နှင့်မော်တော်ဆိုင်ကယ်ပြုပြင်ခြင်း နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာ(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုးက ဌာန၏သင်တန်းဖွင့်လှစ်ပေးနေမှုလုပ်ငန်းစီမံချက်များ၊ အပ်ချုပ်စက်နှင့် မော်တော်ဆိုင်ကယ်ပြုပြင်ခြင်း နည်းပညာသင်တန်းများဖွင့်လှစ်ပေးမည့်အစီအစဉ်နှင့် သင်တန်းအား တက်ရောက်ကြသူများအနေဖြင့် အမှန်တကယ်စိတ်ပါဝင်စားပြီး မိမိဒေသနှင့် မိသားစုအတွက် အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်သည်အထိ တက်ရောက်သင်ကြားစေလိုကြောင်းတို့ကို ဆွေးနွေးပြောကြားသည်။ ထို့နောက် တာဝန်ရှိသူနှင့်တက်ရောက်လာကြသူများက သင်တန်းသားရွေးချယ်ထားရှိမှု၊ သင်တန်းအထောက်အကူပစ္စည်းများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို အသီးသီးဆွေးနွေးကြသည်။ အဆိုပါသင်တန်းများကို မေလတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)