ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၌ စာဖတ်ခြင်းအကျိုးကျေးဇူးဟောပြောခြင်းနှင့် စာအုပ်စာစောင်ပြပွဲ ခင်းကျင်းပြသ

နေပြည်တော် မတ် ၁၂

ကျောင်းသား၊ကျောင်းသူလူငယ်များ စာအုပ်စာပေများကိုချစ်မြတ်နိုးပြီး စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာ၊ ဗဟုသုတများ စဉ်ဆက်မပြတ်လေ့လာဆည်းပူးနိုင်ရန်ရည်ရွယ်ပြီး စာဖတ်ခြင်းအကျိုးကျေးဇူး ဟောပြောခြင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။

ဦးစွာ ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်တင်တင်ချိုက နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းစာအပြင် သုတရသစာအုပ်များကိုလည်း ငှားရမ်းဖတ်ရှုသင့်ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်များတွင် သုတရသစာအုပ် စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း၊ စာအုပ်စာပေများမှရရှိသည့် အသိပညာဗဟုသုတ များကိုလည်း သူငယ်ချင်းအချင်းချင်း ပြန်လည်မျှဝေဆွေးနွေးသင့်ကြောင်း ရှင်းလင်းဟောပြောသည်။

ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူ များက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဒက္ခိဏခရိုင် (ပြန်/ဆက်)