နေပြည်တော် မတ် ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်ရှိ ဆရာတော်ကြီးများနှင့် မြို့နယ်သံဃနာယကအဖွဲ့က ကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာ ဒသမအကြိမ်မြောက် သဒ္ဓမ္မပါလစာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အုန်းတောပရိယတ္တိစာသင်တိုက် မဟာအာရုံခံတော်၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် မဟာသဒ္ဓမဇောတိကဓဇ၊ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကုသလ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ကြရာ ဧည့်ပရိသတ်အပေါင်းတို့က နာယူပူဇော်ခဲ့ကြသည်။
ဆက်လက်၍ သဒ္ဓမ္မပါလစာမေးပွဲကြီးကြပ်ရေး နာယကဆရာတော်များနှင့် ပုစ္ဆကဆရာတော်များကို အလှူရှင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဒသမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သဒ္ဓမ္မပါလစာမေးပွဲစာအောင် သံဃာတော်များကို စာအောင်ဆုများနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မဟာဓမ္မိကာရာမ အုန်းတောကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တတိဿအရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူကာလှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့ပြီးနောက် နာယကဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များနှင့် သီလရှင်များအား အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြသည်။
ဆရာတော်သံဃာတော်ကြီးများနှင့် မြို့နယ်သံဃနာယကအဖွဲ့က ကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာ ဒသမအကြိမ်မြောက် သဒ္ဓမ္မပါလစာမေးပွဲကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၅ ရက် နေ့အထိ ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစာမေးပွဲတွင် ပထမကြီးတန်း ၂ ပါး၊ ပထမလတ်တန်း ၁၆ ပါး၊ ပထမငယ်တန်း ၁၅ ပါးနှင့် အခြေပြုမူလတန်း ၂၉ ပါး၊ မူလဥပစာတန်း ၆၂ ပါးတို့အား စာအောင်ဆုများနှင့် အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)