နေပြည်တော် မတ် ၁၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနများသို့ သွားရောက်ပြီး ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ပေးလျက်ရှိသည့် အခန်းတာဝန်ကျကြီးကြပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထောက်အကူပြုအဖွဲ့များအား ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာမေးပွဲဖြေဆိုသူနှင့်စာမေးပွဲလုပ်ငန်းများ အနှောင့်အယှက်မဖြစ်စေရေး ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊ စာမေးပွဲဖြေဆိုသည့် စာဖြေခန်းအတွင်း လေဝင်လေထွက် ကောင်းမွန်ရေး၊ အလင်းရောင်လုံလောက်စွာရရှိရေး၊ စာမေးပွဲကို စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အောင်မြင်အောင်ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက် ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကာ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပျံချီကျေးရွာ၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် ပျဉ်းမနားမြို့နယ်၊ အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းစာစစ်ဌာနများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စာစစ်ဌာန စုစုပေါင်း ၄၉ ခုတွင် စာမေးပွဲဖြေဆိုရန် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၄၉၁၄ ဦး စာရင်းပေးသွင်းကြပြီး ၁၄၁၃၁ ဦး ဝင်ရောက်ဖြေဆိုရာ ၇၈၃ ပျက်ကွက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၉၄ ဒသမ ၇၅ ရာခိုင်နှုန်းရှိပြီး အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာနသုံးခု၌ စာမေးပွဲဖြေဆိုရန် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၃၀ ဦး စာရင်းပေးသွင်းကြပြီး ၂၃၀ ဦး ဝင်ရောက်ဖြေဆိုရာ ပျက်ကွက်မရှိ ရာခိုင်နှုန်းအားဖြင့် ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)